`ဂွီ… ဂေါ်´
`မင်္ဂလာပါရှင်… LA ခေါ် လပွတ္တာအလယ်ပိုင်း အခြေစိုက် ဟီးဟီးဟားဟား အသံလွှင့်ဌာနမှ အသံလွှင့်ဖို့ အချိန်ကျရောက်လို့ လာပြန်ပါပြီ။ အခု တင်ဆက်ပေးမဲ့ အစီအစဉ်လေးကတော့ ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် ဆိုတဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်များကို ဟီးဟီးဟားဟားသို့ အလှည့်ကျ ဖိတ်ကြားသွားမှာပါ။ နားသောတဆင်သူများထဲမှ ၀ါသနာပါသူများက ဟီးဟီးဟားဟားထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ပြည်သူချစ်တဲ့ အနုပညာရှင်များနဲ့ တိုက်ရိုက်စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ် ပရိသတ်နဲ့ တိုက်ရိုက်စကားပြောဖို့ အလှည့်ကျတာကတော့ တက်သစ်စ မင်းသမီးလေး နန်းပုဘ၀င်အိုး ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို တင်ဆက်သူ အဖြစ် ကျမ မသိပ်သိပ်ချစ်က ဆောင်ရွက်မှာဖြစ်ပါတယ်။ တိုက်ရိုက်အသံလွှင့်မှာ ဖြစ်တဲ့ အတွက် စကားပြောရာမှာ အထူးသတိထားရမှာ ဖြစ်ပြီး ၃ မိနစ်ပြည့်လို့မှ လေကြောမပြတ်သေးရင် ကျမ သိပ်သိပ်ချစ်က ဖုန်းလိုင်းကို ဖြတ်ပစ်လိုက်မှာ ဖြစ်ပါတယ်ရှင်… မင်္ဂလာပါ ညီမငယ် နန်းပုဘ၀င်အိုး ရေ´
`ဟုတ်ကဲ့ မင်္ဂလာပါ မမ ရေ´
` ညီမ အဆင်သင့် ဖြစ်ပြီဆို ဖုန်းစ လက်ခံလိုက်ရအောင်နော် ´
` ဟုတ် မမ ´
`မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… မ မမ မမမ သိပ် သိပ်သိပ် သိပ်သိပ်ချစ်ရေ ဖုန်းလာနေပါတယ်ဆို´
` ညီမငယ် နန်းပု ရေ… ဖုန်းကိုင်လိုက်လေကွယ်။ အဲ့ဒါ မမဖုန်းရဲ့ own tune ဖုန်းမြည်သံ ကွယ့် ´
` အော် ဟုတ်ဟုတ်… ဟဲ့..လို ´
` ဟို.. လေ.. မနန်းပုဘ၀င်အိုး လားဟင် ´
` အော် ဟုတ်ပါတယ် နန်းပု ပြောနေပါတယ်နော်။ ပြောပါ ´
` ကျနော်က ဟိုဥစ္စာလေ… ´
` ရှင် ဘယ်ဥစ္စာလဲ ´
` ကျနော်က ပထမဆုံး မဟုတ်လားဟင်… ၀မ်းသာလိုက်တာဗျာ… ခုလို ဖုန်းဆက်လို့ ရဘို့ ကျနော် အတော့် ကို ကြိုးစားလိုက်ရတာ ´
` ဟုတ်ကဲ့… နန်းပုလည်း အရမ်းဝမ်းသာပါတယ်… နန်းပုနဲ့ ပြောချင်လွန်းလို့ အရမ်း ကြိုးစားခဲ့ရတာပေါ့ ဟုတ်လား.. ဘာပြောချင်လဲ ပြောလေ ´
` အမရဲ့ ဟို ဥစ္စာလေ… ကျနော့ ကို ပို့ပေးပါလား… ဓါတ်ပုံလေ ´
` အော်… ရပါတယ်.. ပို့ပေးရမှာပေါ့… တောင်းထားတဲ့ လူတွေက အရမ်းများတော့ မှတ်ထားရမှာမို့ လိပ်စာလေး ပြောဦးလေ ´
` ကျနော့ ဟိုဥစ္စာက.. ဟိုလေ… အမှတ် (၀၀၁)၊ ဟိုလမ်း၊ ဒီရပ်ကွက်၊ ဟိုဒီမြို့နယ်ပါ ခင်ဗျာ ´
` မှတ်ထားလိုက်ပြီနော်… ပို့ပေးလိုက်မယ် စိတ်ချ ´
` ကျနော်.. ဟိုဟာလေ…. ´
` ဂလောက် ´
` သုံးမိနစ်ပြည့်နေပြီမို့ အမ ဖုန်းလိုင်းဖြတ်ပစ်လိုက်တာပါ ညီမငယ်ရေ ´
` အော် အဟင်း ဟုတ်ကဲ့ ´
` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´
` ဟဲ့.. လို ´
` ကျနော်က နံပါတ် ဘယ်လောက်လဲဟင် ´
` အဟင်း နံပါတ် ၁၄၆ ယောက်မြောက်ပါ အဟိ ´
` ဗျာ အဲ့ဒီ့လောက်တောင် ကြာပြီလား ဖုန်းထိုင်ပြောနေတာ ´
` အော်… အဟင်း ဆောဒီးနော်… နန်းပုကို ချစ်ခွင့်တောင်းထားတဲ့ လူ ဘယ်နှစ်ယောက်ရှိပြီလဲ မေးတာနဲ့ မှားချင်ယောင်ဆောင်ပြီး ကြွားလိုက်တာ… အရမ်းများ သိသာသွားလား မသိဘူး အဟင်း ´
` ဟာ နန်းပုက အရမ်း လူချစ်လူခင်ပေါတာပဲဗျာ… ´
` အင်း ဟုတ်တယ်… အဲသလိုပဲ ပြောကြတာပါပဲ ´
` ဒါနဲ့လေ ဟိုတခါ စိန်ထောပတ်ပို့လိုက်တဲ့ သူနဲ့ရော အပြင်မှာ တွေ့ပြီးပြီလား ခင်ဗျ ´
` အို… ဘာတွေလာပြောနေတာလဲလို့… ဒီက ခေးပဲ ရှိသေးတာကို.. မေမေသိရင်တော့ ဆူတော့မှာပဲ… ဒါတွေ မစဉ်းစားသေးပါဘူးဆို ဒါပဲ လာလာမေးနေ.. ဟွန့် နောက်တခေါက်လောက်.. အဲလေ ´
` ဂလောက် ´
` ညီမ မေမေကြားရင် အစီအစဉ်တင်ဆက်တဲ့ မမသိပ်သိပ်ချစ်ကိုပါ ရောပြီးဆူမှာ ကြောက်လို့ ဖုန်းလိုင်းဖြတ်လိုက်ရပါတယ်နော် ´
` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´
` ဟဲ့.. လို ´
` နန်းပု အခုဘာလုပ်နေလဲဟင် ´
` နန်းပုလား… ဖုန်းပြောရင်း ခေါင်းယားလို့ လက်တဖက်နဲ့ ကုတ်နေတယ်ရှင့် ´
` အဲဒါပြောတာ မဟုတ်ဘူးလေ… ကျနော်ပြောတာက အနုပညာရေးရာ ခင်ဗျ ´
` အော်… နန်းပု အခု ဗွီဒီယိုဇာတ်ကား တကား ရိုက်နေတယ်လေ… မင်းသားက ကိုထွန်းထွန်း( ဥမပါ ) … အာ… မဟုတ်ပါဘူး… သူ့ကို နောက်နေကျမို့ အကျင့်ပါသွားလို့… ကိုထွန်းထွန်း( ဥပမာ ) ကိုပြောတာ… ဇာတ်လမ်းလေးကတော့ ရိုးရိုး ဟဲဗီး ဖန်စီလေးပါပဲ ´
` အော် ဟုတ်.. ဒါပဲနော်.. နောက်မှာ ဖုန်းဆက်မယ့် သူတွေ စောင့်နေ…. ´
` ရပါတယ်… သုံးမိနစ်မှ မပြည့်သေးတာပဲ.. ဟာပဲ ´
` မဟုတ်ဘူးလေ… ကျနော့် နောက်က ဖုန်းဆက်ဖို့ တန်းစီနေတဲ့ သူတွေ အားနာလို့ ခင်ဗျ… ဒါပဲနော် ´
` ဂလောက် ´
` မသိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်… မမ သိပ်သိပ်သိပ်ချစ်ရေ ဖုန်းလာနေတယ်နော်… ´
` ဟဲ့.. လို ´
` နန်းပုလေးလားဟင်… ၀မ်းသာလိုက်တာ.. အန်တီကလေ နန်းပုကို အရမ်းကြိုက်တာ…. နန်းပု ဘာလေး ၀တ်ဝတ် လှတယ် သိလား… သရုပ်ဆောင်တာကလည်း အရမ်း ကောင်းတာပဲ… သီချင်းဆိုတာကလည်း ပြောမနေပါနဲ့တော့… ပညာရေးလည်းတော်လိုက်တာ… အိမ်မှာလည်း အရမ်း လိမ္မာတယ်ဆို… အမေ့ စကားလည်း အရမ်းနားထောင်တဲ့ သမီး လိမ္မာလေး ဆို ´
` ဟယ်.. နန်းပု အကြောင်းကို အရမ်း သိတာပဲနော် ´
` အော် သိတာပေါ့လို့.. ဒါနဲ့ သူများတွေကလေ နန်းပုကို ကြွားတယ် ကြွားတယ်နဲ့ ပြောတာ တကယ်တော့ ကိုယ်တွေက အဲလေ နန်းပုတို့က ကြွားနိုင်တဲ့ အခြေအနေမို့လို့လဲ ကြွားတာပေါ့… ဟုတ်တယ်မှတ်လား… အဲဒါ ကိုယ့်လို အဲလေ နန်းပုလို မကြွားနိုင်တဲ့ သူတွေ သက်သက်မဲ့ မနာလို ဖြစ်လို့ ပြောနေတာ သိလား ´
` ဟုတ် နန်းပု မေမေလည်း အဲ့လိုပဲ ပြောတယ် ´
` ဒါနဲ့ နန်းပု အမေကလည်း အရမ်းချောဆို… အပြင်က မြင်ဘူးတဲ့ သူတွေ ပြန်ပြောကြတာ ကြားဖူးတယ်.. တကယ်တော့ နန်းပုလေး အဲ့ဒီ့လောက်လှနေတာ မအေတူ သမီးလေးထင်တယ်နော် ´
` ဟုတ်… ဒါနဲ့လေ နာမည်လေးပြောပြပါဦး… နန်းပု ဒီအသံမျိုး ကြားဖူးသလားလို့ ´
` အော်… ဒါလားကွယ် အဟွန်းဟွန်း ´
` ဂလောက် ´
` တခု ကြိုပြောထားဖို့ မေ့သွားလို့ ဖုန်းလိုင်းဖြတ်လိုက်ရတာပါ… ညီမငယ်ရေ ဒီအစီအစဉ်ကလေ ကုန်ပစ္စည်းတွေမှာ ကံစမ်းမဲဖောက်တာလေးနဲ့ စည်းကမ်းချင်းသွားတိုက်ဆိုင်နေတယ်… ကံစမ်းမဲဖောက်တဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ ဆွေမျိုးသားချင်းတွေကို ပါဝင်ခွင့်မပြုဆိုတာမျိုးလေးလေ… ဒါကြောင့် ဖုန်းလိုင်း ဖြတ်ပစ်လိုက်တာပါကွယ်.. ကျေးဇူးတင်ပါတယ် ညီမငယ်ရေ… ခုတော့ ပရိသတ်ကြီးဆီက ဖုန်းလက်ခံတဲ့ အစီအစဉ်ပြီးပြီမို့ ညီမလေး စိတ်ကြိုက် ပရိသတ်ကို နှုတ်ဆက်ပါဦးကွယ် ´
` ဟုတ်… နန်းပု အခုလို ပရိသတ်ကြီးနဲ့ တိုက်ရိုက်ပြောဆိုဖြေကြားပေးရတာ အရမ်းကို ၀မ်းသာပါတယ်… နန်းပုကို အရမ်းချစ်ကြတာ သိရလို့အရမ်းလည်း ကျေနပ်ပါတယ်နော်… နန်းပုဆီကို အမည်မဖော်ပဲနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့နေတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်… အထူးသဖြင့် အထက်တန်းကျောင်းတုန်းက ` ကလေးရယ် ´ သီချင်းနဲ့ တမျိုး၊ တက္ကသိုလ်တက်တော့ ` မ ´ သီချင်းနဲ့ တဖုံ၊ ` ကိုယ် မနေနိုင်ဘူးကွယ် ဖွင့်ပြောလိုက်တော့မယ်.. တော်ကြာ သူစိတ်ဆိုးမှာလည်း ဆိုး ´ ဆိုပြီး တည့်တည့်ပြောကြတဲ့ သက်တူ သူငယ်ချင်း အားလုံး အားလုံး.. နန်းပုကို ခုလို ချစ်ပေးကြလို့ ကျေးဇူးအထူးတင်ပါတယ် လို့… နောက် ဂျပန် အလည်သွားတုန်းက မွန်ဂိုးလီးယား ရေသန့်မင်းသမီးလေးနဲ့ တူတယ်ဆိုပြီး ၀ိုင်းကြည့်ကြသူ အားလုံးလည်း ကျေးဇူးမမေ့ပါဘူးနော် ´
` ခုလို ဟီးဟီးဟားဟားနဲ့ ပူးပေါင်းပြီး ဒီတပတ် ရွှီးမယ် ဖောမယ် အွန်လိုင်းဝယ် အစီအစဉ်လေးမှာ ၀ိုင်းဝန်းကူညီပေးတဲ့ ညီမ နန်းပုရေ ကျေးဇူးပါကွယ်… နောက်တပတ်မှာလည်း ၀ိုင်းရွှီး ၀ိုင်းဖော ဖို့ ဘယ်သူ့ကို ဖိတ်ခေါ်ပေးမလဲ ဆိုတာကို ကြားဖြတ် ကြေငြာမေးသွားမှာ ဖြစ်ပါတယ်ရှင်… ဒီအစီအစဉ်လေး တင်ဆက်ချိန်မှာ ဖုန်းဆက်ပြီး ၀င်ရွှီးချင်တယ်ဆိုရင်ဖြင့် ဖုန်းနံပါတ် 09-909-0420 ကို ဆက်သွယ်နိုင်ပါတယ်ရှင်… စီစဉ်သူကတော့ ကျမ မသိပ်သိပ်ချစ်ပါ.. ဟီးဟီးဟားဟားကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင် ´
` ဂွီ… ဂေါ် ´




7 comments:
it's really amusing
keep on creating such kind of new things
ဒီဇင်ဘာညီမလေး
လာလည်သွားပါတယ် ။
ဒီဇင်ဘာညီမလေး ရဲ့ ဂွီဂေါ် ကတော့ အားလုံးအသဲစွဲဖြစ်နေပါပြီ။
အချိန်အားရင် ကျွန်တော်ဘလော့လေးကိုလည်း လာလည်ပါအုံး။
မျှော်လိုက်ရတာဂွီးဂေါ်။ ဖတ်ပြီးရယ်ရတာ သေတော့မယ်။ ရေးတတ်တယ်အစ်မရယ်။ ဆက်လုပ်နော်။
မွန်ဂိုးလီးယား ရေသန့်မင်းသမီးလေးနဲ့ ဖုန်းပြောချင်လို့ .
ဟတ်ဟတ် ဟတ် ။
ဟီးဟီး ဟားဟား အသံလွှင်ဌာနရဲ့
ရွှီးမယ်ဖောမယ် အစီအစဉ် ကို အားပေးနေပါ့မယ်
ွှဖတ်ရင်းနဲ့ တချိန်လုံးရယ်နေရတယ်။ အချိန်ရရင် Blog Times အတွက် အခုလို စာမူလေးတွေ ပို့ပေးပါနော်။ အားလုံးစုရေးတော့ ပိုရယ်ရတာပေါ့။ ကျေးဇူးပါ။
ဂွီဂေါ် ဂွီဂေါ် ဂွီဂေါ် နောက်တပတ် အလှည့်ကျတာ အဒူပါလိမ့် ကျောကျဦးနော် ;)
Post a Comment