အော်… မင်းလိုချင်နေခဲ့တာ ဒါတွေလား။ ငါမရိပ်မိခဲ့ဘူး ချစ်သူ။ ပေးနိုင်လိမ့်မယ်လို့လည်း မထင်ဘူး။ မင်းအတွက် အမုန်းဆိုတာ ငါ့ဆီမှာ မရှိသလောက် ရှားတယ်။ နာကျည်းမိရင် ငါခံစားနေရတာတွေ သက်သာမလားတွေးမိပေမဲ့ ဒါဟာ ငါလိုချင်ခဲ့တဲ့ အဖြေတော့ မဟုတ်တာ သေချာတယ်။ ဒါကိုမှ မင်းက တရှိုက်မက်မက် လိုချင်တယ်ဆိုတော့လည်း ငါရင်ကွဲခံရုံပေါ့ ချစ်သူ။ ကျေနပ်ပါ။ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့။
မင်းနဲ့ငါရဲ့ အကြီးမားဆုံး ကွာခြားချက်… ငါခုမှ နားလည်တယ်။ မင်းမလိုချင်တာ ငါ့အချစ်။ ငါမလိုက်လျောနိုင်ခဲ့ဘူး။ ခွင့်လွှတ်တော့ ချစ်သူ။ ပါးပြင်မှာ မျက်ရည်စီးမှ ငိုတယ်လို့တော့ မထင်နဲ့။ ငါ့ရင်တွေ ကွဲကြေလို့ ကျလာတဲ့ သွေးစက်… ။ မင်း ခြေဖ၀ါးအောက်ထိ စီးစေရမယ်။ မကြည့်ချင်ရင် မျက်နှာကြိုလွှဲထား ချစ်သူ။
တကယ်တော့လေ အိပ်မက်တွေနဲ့ ဘ၀ရှေ့ဆက်နေတဲ့သူဟာ အရှုံးသမားပဲ။ မင်းလို မျှော်လင့်ချက်တွေ ပြည့်နေတဲ့ လူတယောက်အဖို့ ငါလိုလူရဲ့ အချစ်ကို ဥပက္ခာပြု နင်းလျှောက်သွားဖို့ဆိုတာ အလွယ်သားနော်။ ငါ့အိပ်မက်တွေကျတော့ လှောင်ပြောင်ရီမောစရာ အဖြစ်နဲ့ အလေးအနက်မထားပဲ မင်းရိုက်ချရက်တယ်။ ဒါပေမဲ့ အဲ့ဒီ့ အိပ်မက်တွေမှာ ငါ့ မျှော်လင့်ချက်တွေ ကပ်ပါသွားတာ မင်း မရိပ်မိတာလား။ ဟန်ဆောင်နေခဲ့တာလား။
တောင်းပန်တယ် ချစ်သူ။ နောက်ဆုံးအချိန်အထိ မင်းလိုချင်တာ ငါမလိုက်လျောပေးနိုင်သေးဘူး။ မင်းစိတ်ချမ်းသာမယ်ဆိုရင်တော့ ငါ မင်းကို နာကျည်းချင်ယောင်ဆောင်ပေးမယ်။ ကျေနပ်တော့ ချစ်သူ။




0 comments:
Post a Comment