Friday, 29 February 2008

title unavailable

အိပ်ပျော်သွားရမှာ

ငါ သေမလောက် ကြောက်နေတယ်။


မျက်စိတွေ မှိတ်ထားတော့

ချစ်သူက အေးစက်စက်နဲ့

ရက်စက်စွာ ပြုံးပြနေတယ်။


မျက်စိတွေ ဖွင့်ထားပြန်တော့

မြင်မြင်သမျှ အနက်ရင့်ရောင်ထဲက

ချစ်သူ လက်ကမ်းခေါ်နေတယ်။


ငါ့အတွေးတွေက ငါ့ကို ပြန်ခြောက်လှန့်

နှလုံးသားဟာလည်း ဟိုးအမြင့်က

ပစ်ချခံရသလို နာကျင်တယ်။


မငိုချင်ဘူး ချစ်သူ…

အကြိမ်ကြိမ် အားတင်းထားပေမဲ့

ငါ အလွတ်ရနေတဲ့ ဒီ အိပ်မက်ဆိုးတွေကြောင့်

ဘေးနားက အမှောင်ထုကို တိုင်တည်

ငါ ငိုနေရပြန်တယ်။


ချစ်သူ…

ဒါတွေဟာ မင်းအတွက်တော့...

ထမင်းစားပြီးချိန် တမ်းတတတ်တဲ့

စီးကရက် တရှိုက်လောက်

စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းလိမ့်မယ်။


ဒီလိုနဲ့ပဲ

မနက်မိုးသောက် အလင်းရောက်လာပြန်ပြီ ချစ်သူ…

ဒါပေမဲ့

အချိန်တွေ တပတ်လည်

ညပြန်ရောက်သွားရမှာ

ငါ သေမလောက် ကြောက်နေတယ်။


Thursday, 21 February 2008

Art of Crying

ဟုတ်သည်။ သူမ အမှန်အကန် ငိုနေခြင်းဖြစ်သည်။ ချောမွေ့နေတဲ့ ပါးပြင်တလျှောက် မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းနေတာပင် အလွမ်းအဆွေး ကဗျာ တပုဒ်ကို ဖတ်ရှူနေရသလို အလွန် နှစ်လိုဖွယ်ကောင်းနေ၏။ အသနားခံနေတဲ့ မျက်ဝန်းညိုညိုမှာ မျက်ရည်ကြည်တွေ ၀ဲခိုနေ၍ ထင်သည်… မျက်လုံးအိမ်မှာ အရောင်ဆန်းတို့ တဖျတ်ဖျတ်လက်လို့… ။ ရှိုက်သံ တချက်နှင့် အတူ စကားလုံးတို့ အမှားအယွင်း အထစ်အငေါ့ မရှိ ထွက်ကျလာ၏။ တုန်ရီနေသော နှူတ်ခမ်းနှင့် စည်းဝါးကိုက်စွာ ယှဉ်တွဲပါလာသော လူတိုင်းနီးပါး အလွတ်ရပြီးသား စာသားအချို့…

` ကို… ငါ့အတွက် နင်မရှိလို့ မဖြစ်ဘူး… ငါ့ကိုမထားခဲ့ပါနဲ့ … ´

သူမ တားနေသည့်ကြားက သူ ကျောခိုင်း၍ ဆက်လျှောက်သွားလေ၏။ မျက်ဝန်းအိမ်ကို စုံမှိတ်ပြီး နှူတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ အလှပဆုံး ဆက်၍ ငိုကြွေးပြန်သည်။

` ကဒ်….. ´

ချီးကျူးသံများ၊ အားရ ကျေနပ်သံများကြားမှ သူမ တိုးထွက်လာခဲ့၏။ ခုနက ကြည့် အကောင်းဆုံးဖြစ်အောင် သူမ ငိုကြွေးခဲ့ရသော မျက်ရည်များအား တစ်ရှူးစဖြင့် အသာတို့ဖျက်လိုက်သည်။ ရင်ထဲမှာက ဘာနဲ့မှ မတူတဲ့ ၀မ်းသာကြည်နူးမှုနှင့် အတူ လက်ကိုင်ဖုန်းမှ ခေါက်ရိုးကျိုး ဖုန်းနံပါတ်တခုကို နှိပ်မိပြီးသား….

` ဟဲလို .. မောင်လား… ။ တို့ ဒီမနက်ပဲ ရှူတင် မသွားခင် ဆေးခန်းမှာ ၀င်စစ်ခဲ့တယ်။ သေချာတယ်မောင်ရဲ့… ။ တို့ သိသိချင်းကထဲက အရမ်းဝမ်းသာပြီး ဖုန်းဆက်နေတာ…… မရလို့… အင်း… ဟုတ်တယ်…. အခု တဆင်းန်တောင် ပြီးသွားပြီလေ… မောင့်ကိုလည်း ၀မ်းသာစေချင်လို့… ………………………. ………………………………. ………………………… ………………. ´

ဟုတ်တော့ ဟုတ်သည်။ သူမ အမှန်အကန် ငိုခဲ့ခြင်း ဖြစ်သည်။


~ ~ ~ ~ ~


သူမ လုံးဝ မငိုပါ။ ဒါကိုပဲ ဘေးမှ အားမလို အားမရနှင့် ` ငိုချလိုက်လေ… ပေါ့သွားအောင် ငိုချပစ်လိုက်.. ကျိတ်ပြီး တင်းမထားနဲ့… စိတ်ကို လျှော့လိုက် ´

သူမ စိတ်ကို လျှော့ချလိုက်ပါသည်။ သို့သော် မျက်ရည်တော့ ကျမလာဘဲ သက်ပြင်းတချက်သာ လေထဲ အငွေ့ပျံသွားပြန်၏။ ကာယကံရှင် သူမက သက်ပြင်းတွေသာ အကြိမ်ကြိမ် မှုတ်ထုတ်နေပေမယ့် သူ့ဟာနဲ့ သူတော့ အဆင်ပြေနေသား… စီကာ ပတ်ကုံး ပြောပြီး အလွမ်းသယ်ပေးနေသည့် တစ်ဦးဦးက ရှိနှင့်နေပြီးသား…

` အောင်မလေး… သေနေလိုက်တာများ… အိပ်ပျော်နေတာကျနေတာပဲ… ထကြည့်ပါဦးဟဲ့… နင် ချစ်တဲ့ နင့်မိန်းမနဲ့ သမီးလေးကို… ………………. ……………… ´
( မှတ်ချက်။ ။ ငိုသံကြီးဖြင့် ဖတ်ရန်။ ရန်တွေ့ နေခြင်းမဟုတ် )

တဖြောက်ဖြောက် ကွာစေ့ကိုက်သံ… ဟိုတစု ဒီတစုလူတွေရဲ့ တယောက်တပေါက် ( နှစ်ယောက် နှစ်ပေါက် ) စကားသံ အချို့… လူသံ ဆူဆူညံညံကြားထဲမှာပင် စားပွဲလေးချကာ စာကျက်နေသော သမီးငယ်… ဘေးမှ ပေါ့သွားအောင်ဟု ဆိုကာ ငိုချင်းချခိုင်းနေသော တိုက်တွန်းမှု…. ။ အလှည့်ကျ ပြန်လည်ပတ်လာသော အခန်းကျဉ်းလေးထဲမှ ထိုအသံများကြောင့် သူမ နံရံကို ခေါင်းမှီပြီး မျက်စိ တချက်မှိတ်လိုက်မိသည်။ ခင်ပွန်းကိုပဲ အားကိုးလာခဲ့သော သူမအဖို့ ရှေ့လျောက် မည်သို့ ခရီးဆက်ရမည် မသိ… ။ သမီးငယ်လေးနှင့် ကျန်ရစ်ခဲ့ရမယ့် သူမရဲ့ မုဆိုးမ တယောက် ဘ၀အစ… ။

သူမကို အချို့က မေးငေါ့ချင်ကြ၏။ ခင်ပွန်းဆုံးပါးတာတောင် မျက်ရည်မကျလို့တဲ့လေ။ တကယ်လည်း သူမ အခုအချိန် မငိုနိုင်… ။ ရှေ့ဆက်လျှောက်ရမယ့် အမှောင်လမ်းအတွက် သူမငိုရဦးမှာ မလွဲဧကန်ဖြစ်သည်။ မျက်ရည်တွေ ချွေတာ စီစစ်နေတယ်ပဲ ပြောပြော… ဘယ်လိုမိန်းမစားလည်း မသိဘူးလို့ပဲ ဝေဖန်ပါစေဦးတော့… ဆက်သွားရမယ့် ခရီးလမ်းမှာ ထိုသူများ ဘေးမှ လိုက်ပါမည်မဟုတ်ကြောင်း သေချာနေမှတော့……

` ငိုချင် ငိုချလိုက်ပါလေ… အဲ့လိုပဲ အံချည်း ကျိတ်မနေပါနဲ့အေ့…… ……………………… ………………. ´

သို့သော်…. သူမ လုံးဝ မငိုဖြစ်ခဲ့ပါ။
( ထို အခိုက်အတန့် ခဏ အတွင်းကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ နောက်ကွယ်ကျမှ သူမ ကျိတ်ငိုနေမလား မငိုဖြစ်ဘူးလား စသည့် အပိုင်းများမှာ ယခု စာပုဒ်နှင့် လုံးဝ မသက်ဆိုင်ပါ။ )


~ ~ ~ ~ ~


သူမ မငိုမိအောင် ကြိုးစားနေ၏.. ။ သို့သော် မျက်ရည်တို့က မျက်လုံးထောင့်စွန်း နှစ်ဖက်မှ အပြိုင် လိမ့်ဆင်းလာကြသည်။ ငိုမိမှာ စိုး၍ စိတ်ပြောင်းသွားအောင် နားထောင်နေသော သီချင်းသံတို့ နားထဲ လုံးဝ မတိုးဝင်နိုင်တော့…. လှဲနေရင်းနှင့် ကျလာရသော မျက်ရည်တို့၏ လမ်းဆုံးကား………… သူမကိုယ် သူမ ငိုနေတာ သတိထားမိတော့ ခေါင်းအုံးမှာ မျက်ရည်တွေ ရွဲစိုနေခဲ့ပြီးသားဖြစ်၏။

ဟန်ဆောင်ခြင်းကို အလွန်မုန်းသော သူမဖြစ်သည်။ အခုငိုနေရခြင်းမှာ ဟန်မဆောင်ခဲ့မိသည့် အတွက် နောင်တရနေခြင်းလား…. ။ ဟန်မဆောင်ချင်ပါလျက်နဲ့ ဟန်ဆောင်ရတော့မည့် အတွက် ၀မ်းနည်းနေခြင်းလား… မည်သူမျှ မသိနိုင်… ။
လောကကြီးထံမှ ဘုန်းပေါလအော သင်ယူ၍ ရနိုင်သော သင်ခန်းစာများထဲမှ သူမ မနှစ်သက်ဆုံး ဟန်ဆောင်ခြင်း ဘာသာရပ်ကို မသင်ယူခဲ့မိသည့်အတွက် အခု သူမ ငိုနေရပြီ… ။ သူမ ကျော်ဖတ်မိခဲ့သော စာမျက်နှာများမှ ပေးသော သင်ခန်းစာမှာ သူမအတွက် အနည်းငယ် ခါးသီး၏။

အများအတွက် ရီစရာ ကိစ္စတခုဟာ သူမရဲ့ ပုဂ္ဂလိက ခံစားချက်အရ ငိုကြွေးစရာ ဖြစ်နေပါက သူမရောယောင်၍ ဟန်ဆောင် မပြုံးပြ တတ်ခဲ့ပါ။ ခပ်ပေါ့ပေါ့ ပျော်ရွှင်စရာ ကိစ္စတခုအား လွတ်လွတ်လပ်လပ် မပျော်ရွှင်ပါဘဲ ကြိတ်မှိတ်အောင့်အီး၍ မဲ့ပြရအောင်ကလည်း သူမဟာ သရုပ်ဆောင် ၀ါသနာပါသူ တယောက်မဟုတ်ခဲ့။ ကိုယ်ပိုင် မဟုတ်သော ကြေးစားခံစားချက်မျိုး မရှိကောင်းဟု ခံယူထားသော သူမ၏ အတွေးအား မှားလား မှန်လား ဆုံးဖြတ်ပေးနိုင်မည့် သမာဓိရှိသော ဒိုင်လူကြီးမျိုး ဒီကမ္ဘာပေါ်တွင် မပေါ်ထွန်းလောက်သေး… ။

ဟန်ဆောင်ခြင်း အလျှင်းမပါပဲ… စိတ်အားငယ်ခြင်း၊ နားမလည်နိုင်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် သူမ သည်းထန်စွာ ငိုကြွေးနေသည်။

သူမ မငိုမိအောင်တော့ ကြိုးစားခဲ့ပါသေး၏… ။

Wednesday, 20 February 2008

~~ Happy Birthday To My Darling Dude ~~

ကျမ ဆိုးသမျှ ဂျီကျသမျှ မငြိုငြင်ပဲ သည်းခံတတ်တဲ့သူ၊ ဒေါသထွက်စရာ ကိစ္စတွေ ကြုံလာရင် တတ်နိုင်သလောက် ဒေါသကို ထိန်းပြီး ခေါင်းအေးအေးနဲ့ စဉ်းစားဖို့ ကျမကို ပြောပြပေးခဲ့တဲ့သူ၊ ကြုံတွေ့ရသမျှ အဆင်မပြေမှုတွေကို စိတ်ရှည်ရှည်နဲ့ အမြဲနားထောင်ပေးပြီး နှစ်သိမ့်တတ်တဲ့ သူ၊ ရယ်မောစရာ ကိစ္စတွေမှာ အတူတူရယ်မောပြီး စိတ်ဆင်းရဲစရာဆိုလည်း အတူ မျှဝေ ခံစားပေးတတ်တဲ့ သူ၊ ဒီလို တခုချင်းစီသာ ချရေးနေရင် တနေ့လုံး ရေးလို့ မပြီးနိုင်တော့လောက်အောင် အမှတ်တရပေါင်း များစွာ ပိုင်ဆိုင်တဲ့ ကျမရဲ့ ချစ်သူ… အခုမွေးနေ့မှ စပြီး ရှေ့လျှောက် ကျမ ဂျစ်တိုက်သမျှ စိတ်မပျက်ဘဲ ဆက်လက် သည်းခံနိုင်ပါစေ။ :P

ပြည့်တာ မပြည့်တာ အပထား။ ဆုတော့ တောင်းပေးလိုက်မယ်နော်။ လိုအင် ဆန္ဒအားလုံးလည်း ပြည့်ဝပါစေ။ အခက်အခဲတွေ အားလုံး ကျော်ဖြတ်နိုင်ပါစေ။ ကိုယ်ချစ်တဲ့ သူနဲ့လည်း ပေါင်းရပါစေ။ နှလုံးသားရေးရာတွေလည်း အဆင်ပြေပါစေ။ :P

ဆုတောင်းလို့ ပြီးပြီ။ ရော့… တခွက်လောက်ချလိုက်တော့။ ဟီးး…


ကုန်သွားပြီလား။ မြန်တယ်နော်။ :P ဒါဆို ကိတ်မုန့်စား။


ဒါကတော့ ချစ်သူအတွက် အထူးသီးသန့် လက်ဆောင်။ Handmade အစစ် လက်ပတ်ကြိုးလေး။


ဒါက Post card…


နောက်နှစ် နောက်နှစ်မွေးနေ့တွေမှာတော့ အခုလို အွန်လိုင်းက Birthday Cake မဟုတ်ဘဲ အစစ်အမှန် Birthday Cake နဲ့ မွေးနေ့လက်ဆောင်တွေ အမှန်တကယ် ပေးခွင့်ရပါစေလို့ ဆုတောင်းရင်း… ။ ပျော်ရွှင်ပါစေ ချစ်သူ။

Saturday, 9 February 2008

ညီမလေးတို့ ပြန်တွေ့ကြမယ်။ ။

အလွမ်းပြေလို့ပဲ ပြောပြော ကိုကြီးရေ... ။ တကယ်က အလွမ်းမပြေပဲ ပိုပြီး သတိရနေတယ်။ ကိုကြီး အစစ အရာရာ ဘေးရန်ကင်းပြီး ပြန်လာမယ့်နေ့ကို စောင့်မျှော်နေတယ်နော်။ ဟုတ်တယ်... ကိုကြီးရေးခဲ့တဲ့ ကဗျာလေးလိုပဲ ညီမလေးတို့ တနေ့ ပြန်တွေ့ကြမယ်။ ။


ကောင်းကင်ပြာကို
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ..
အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်။

ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မြိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။

တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။

( နေဘုန်းလတ် )

* * * * *

Let’s go.. My Friends

In our Brain,
There is a firm Faith
Which is forever definite
For the eternity of fate.

In our Mind,
There is a gentle compassion
Without hoping anything
For everybody meeting.

In our Heart,
There is a white Love
Without any attachment
For the hate no end.

Let’s go My Friends
In the Momentary period
By living with the right and honest
Let’s leave the real history of the Guest
As the precious instance for the world of us.

( နေဘုန်းလတ် )

Thursday, 7 February 2008

` ခဏတာ ခွဲခွာနေရသော အကို´

ခေတ္တ ခွဲခွာနေရသော ကျမ အကို အတွက် ညီမတယောက်က ရေးထားတဲ့ စာလေးပါ။ သူ့ ကိုယ်ပိုင် ဘလော့ဂ် မရှိတဲ့ အတွက်ကြောင့် ကျမ ဘလော့ဂ်မှာ အားလုံးဖတ်လို့ ရအောင် တင်ပေးတာပါ။ အကို တယောက်အတွက် ညီမတွေရဲ့ ခံစားချက်ကို ဖတ်ရှုကြည့်ပါဦးနော်။ ကျမကိုယ်တိုင် စာရိုက်ပေးခဲ့တာ ဖြစ်သလို လိုအပ်တဲ့ နေရာလေးတွေကို ဖြည့်စွက်ပေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာတလုံးတိုင်းကို ခံစားချက်များဖြင့် ဖွဲ့သီထားသည် ဖြစ်ပါ၍....






နေဘုန်းလတ်သို့.....


ခံစားချက်ကို စာဖွဲ့ပြချင်သော်လည်း စာမဖွဲ့တတ်တဲ့ ညီမလေး ဒီအတိုင်းပဲ ခံစားချက်ကို ချရေးဖြစ်တယ်။ ကိုကြီးကျော် သိနိုင်ပါစေ.....။


သတင်းဆိုးကြီးကို ကြားကြားခြင်း စိတ်တွေ မတည်မငြိမ်နိုင်ဘဲ ပြိုလဲခဲ့ရတယ်။ ဘယ်လိုဖြစ်ရတာလဲ အကိုရယ်။ မျှော်လင့်ထားခြင်း မရှိတဲ့ ကိစ္စကို ဘယ်လိုမှ မယုံကြည်နိုင်ဘဲ အိမ်ကို အပြေးပြန်ခဲ့ရတယ်။ အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာ မျှော်လင့်ချက် ရောင်ခြည်လေးနဲ့ ကိုယ်ဖြစ်ချင်တာတွေကိုပဲ တွေးနေမိတယ်။ ညကျတော့ အိပ်မပျော်နိုင်ဘဲ အိမ်အပြင်ဘက်ကိုပဲ တချိန်လုံး စောင့်မျှော်နေမိတယ်။ တံခါးတွေဖွင့်ရင်း ရင်ထဲမှာ ဟာတာတာနဲ့ပေါ့။


ကိုကျော် လွမ်းတယ်ဆိုတဲ့ စကားကို သုံးလို့ရလား...။ သတိရတာ ထပ်ပိုလို့ပေါ့။ စိတ်ပျက်စရာကောင်းလှတဲ့ ဘ၀ကြီးထဲမှာ စိတ်ပျက်စရာတွေက ဘာဖြစ်လို့ တခုပြီး တခု ကြုံကြိုက်နေရတာလဲဟင်... ။ လစ်ဟာနေတဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုးရမှာလဲ... ။ ဘာနဲ့ အစားထိုးရမှာလဲဟင်... ။ ဂုဏ်ယူတယ်ဆိုတဲ့ စကားနဲ့ပဲ ဖြေသိမ့်နေရမှာလား... ။ ၀မ်းနည်းစွာနဲ့ပဲ ငိုကြွေးပြရမှာလား... ။ စိတ်သဘောထားကောင်းလှတဲ့ ငါ့ အကိုကို ဘယ်သူတွေကများ မျက်မုန်းကျိုးရတာလဲ... ။ ဘာအပြစ်နဲ့များ စွဲချက်တင်ချင်ရတာလဲ... ။ ငါ့အကိုလို လူမျိုးဟာ မိခင်တွေအတွက် သားကောင်းတယောက်... ညီမတွေအတွက် အကိုကောင်း တယောက်ပါ။ သူငယ်ချင်းတွေအတွက် မိတ်ဆွေကောင်းတယောက်ပါ။ တိုင်းပြည်အတွက်ဆိုလည်း ရတနာကောင်းပါ။


ညီမလေးနဲ့ အကိုကြားမှာ ယုံကြည်ချက်တွေ၊ ခံယူချက်တွေ မတူညီတာများတယ်နော်။ အမြဲတမ်း ငြင်းခုံကြရင်း..... အကိုရယ် သတိရလိုက်တာ... ။ ညီမလေးအတွက် အင်္ဂါနေ့တွေဟာ ကံဆိုးတတ်တယ်ထင်ပါရဲ့။ အဖေ့ကိစ္စတုန်းကလည်း အင်္ဂါနေ့လေ။ နောက်ပြီး အခြားအခြားသော အင်္ဂါနေ့တွေမှာလဲ ညီမလေး ကံဆိုးခဲ့သေးတယ်။ ဒီလို အကို့ ကို ပြောမိရင် ` နင် စိတ်ထင်လို့ပါ ညီမရယ် ´ လို့ အကို ပြန်ပြောမယ့် စကားလေး တွေးပြီး ကြားယောင်မိတယ်။


အဖိုးမွေးနေ့တုန်းကလည်းလေ အကို့ကို မျှော်နေမိကြတယ်။ မလာဖြစ်မယ်မှန်း သိရက်နဲ့ ညီအကို မောင်နှမတွေအားလုံး လာရာလမ်းကို သက်ပြင်းချချပြီး မတိုင်ပင်ထားပဲ အခါခါ ငေးမောမိတယ်။ တယောက်ရင်ထဲ တယောက်နားလည်ရင်း အသက်မပါတဲ့ အပြုံးတုတွေ ဟန်ဆောင် ဆင်မြန်းထားကြတယ်။ အကိုဟာ ဒီနေ့အတွက် တန်ဖိုးအကြီးဆုံး မွေးနေ့လက်ဆောင် ဖြစ်မယ်ဆိုတာ အကို သိနိုင်ပါ့မလား... ။ အကိုလည်း ညီမလေးတို့ကို ဘယ်လောက်တောင် လွမ်းနေလိုက်မလဲ.... ။


ဒီအချိန်ဆို ဘုန်းကြီးဆွမ်းကပ်နေပြီ... ။ ဒီအချိန်ဆို ဧည့်သည်တွေများလို့ အလုပ်ရှုပ်နေပြီ... ။ ဒီအချိန်ဆို ကိတ်မုန့်ခွဲလို့ ညီမလေးတို့ လူစုံနေပြီလို့ အကို တွေးမိမှာပဲနော်။ ညီမလေးတို့ရော ပျော်နေမယ်လို့ ထင်လား ကိုကျော်.... ။


အကို့ အားရပါးရ ရယ်သံ ၊ ညီမတွေ ပြောသမျှ သဘောကျပြီး အေးချမ်းစွာ ပြုံးတတ်တဲ့ အကို့အပြုံးတွေကို မတွေ့ရတော့ ညီမလေးတို့အဖို့ ဘယ်လောက်တောင် ရင်နာရသလဲဆိုတာ... အကို့ဘေးနားရှိနေမယ့် လူကြီးတွေ သိမှ သိပါလေစ... ။ ကိုယ်ချင်းစာနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်လေ။


မောင်နှမတွေ ဆုံနိုင်တုန်း ပြည်ထောင်စုနေ့ကြရင် ကျိုက်ထီးရိုးဘုရားဖူး သွားရကောင်းမလားလို့ ညီမလေး တွေးနေတာ။ အသက်တွေ ကြီးလာလေလေ စုစည်းရ ခက်လာလေလေ ဖြစ်လာပြီ မဟုတ်လား။ အိမ်ထောင်တွေ မကျခင် လွတ်လွတ်လပ်လပ် မောင်နှမတွေချည်းပဲ စုပြီး ခရီးသွားချင်ခဲ့တာ.... အသီးသီး မဝေးကွာခင် ပျော်ရွှင်ချင်သေးတယ် အကိုရေ။


ဟူးးး...... ။ ညီမလေးရဲ့ အတွေးတွေကလည်း များလိုက်တာနော်။ စိတ်တွေလည်း မတည်ငြိမ်နိုင်သေးပါလား အကိုရယ်။ အာရုံတွေလည်း စုစည်းလို့ကို မရပါဘူး။ နောက်ဆုံးတော့ အားကိုးရာဟာ တခုတည်းသော အတုမရှိ မြတ်စွာဘုရားလေ။ မြတ်စွာဘုရားကို တိုင်တည်ရင်း အကို့အတွက် ဆုတွေ အထပ်ထပ်တောင်းနေမိတယ်။ သစ္စာတွေလည်း အကြိမ်ကြိမ် ဆိုနေမိတယ်။ ညီမလေး ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကိုလည်း အကို့ အတွက် မေတ္တာပို့ပါတယ် အကိုရယ်။ ချစ်စကို ရှည်စေ မုန်းစကို တိုစေပေါ့နော်။


ဘာလိုလိုနဲ့ အကိုနဲ့ ဝေးနေတာ ကိုးရက်တောင် ရှိပြီပေါ့။ ဒီလိုခွဲခွာခြင်းမျိုး နောင်ကို ဘယ်တော့မှ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းပါတယ် အကိုရယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ... ညီမလေးတို့ ချစ်တဲ့ ကိုကျော် တယောက် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး အမြန်ဆုံး အချုပ်အနှောင်မှ ကင်းလွတ်ပါစေ။ ရိုးသားဖြူစင်တဲ့ ကျမ အကို လူကောင်း သူကောင်းတွေနဲ့ တွေ့ပါစေလို့ ညီမလေး ဆုတောင်းရင်းနဲ့...... ။



လွမ်းလိုက်တာ ကိုကျော်ရယ်........ ။


Written by

Thinzzar

6.2.08

Tuesday, 5 February 2008

ကိုကြီးနေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Friday, 1 February 2008

အမှား နှင့် အမှန်

အမှန်တရားတဲ့လား …???

ဘယ်နားမှာလဲ…???

ဘာကိုခေါ်တာလဲ…???


ဟိုမှောင်မိုက်နေတဲ့ လေးဘက်လေးတန်

အခန်းကျဉ်းလေးလား…???


လွတ်လပ်စွာ ပျံသန်းဖို့ အားယူနေတဲ့

အတောင်ပံတွေ ရိုက်ချိုးခံရခြင်းလား...???


ဘယ်သူမှ တွေးမကြည့်ဝံ့တဲ့

သံမန်တလင်း ကြမ်းပြင်ပေါ်က အိပ်မက်ဆိုးတခုလား...???


ခင်းကျင်းပြသပိုင်ခွင့်တောင် မရှိတော့တဲ့

စိတ်ကူးနဲ့ ရည်မှန်းချက်တွေကို ဆင်ဆာဖြတ်ခံရခြင်းလား...???


ဒါတွေကသာ

အမှန်တရားလို့ ကုန်းအော်နေတဲ့ လူတစုအတွက်ဆိုရင်

ငါတို့ မြင့်မြတ်စွာ ဆက်မှားကြဦးစို့။


(ခေတ္တ အမှားဖြစ်နေသော အမှန်တရားကိုမှ မြတ်နိုးတဲ့ ကျမရဲ့ အကိုအတွက်)